Sunday, February 7, 2010

ပထမမြန်မာဘာသာဗေဒပညာရှင် ဒေါက်တာဖေမောင်တင်

၂၄-၇-၁၉၁၂ ရက်နေ့ အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်ကောလိပ်၏ ပထမဦးဆုံး မြန်မာပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရသည့် ပါဠိနှင့် အရှေ့တိုင်းဘာသာစကားပညာရှင် ဦးဖေမောင်တင်သည် ၄-၉-၁၉၂၀ ရက်နေ့၌ အင်္ဂလန်သို့ ပညာတော်သင်သွားရောက်သည်။
အောက်စဖို့တက္ကသိုလ်၊ အက်ဇီတာကောလိပ်၌ အရှေ့တိုင်းဘာသာစကားများနှင့် ဘာသာဗေဒပညာတို့ကို သင်ယူပြီး၊ ၁၉၂၂ ခုနှစ်၌ စာပေ၀ိဇ္ဇာ(ဘီလစ်)ဘွဲ့ရသည်။
သဒ္ဒဗေဒပညာရှင် မစ္စစ်အီးအမ်စ်ထရောင်းနှင့်တွဲဖက်၍ မြန်မာဘာသာစကားသံများကို
သိပ္ပံနည်းကျ သရုပ်ဖော်ပြသည့် A Burmese phonetic reader ကို ပြုစုခဲ့ပြီး၊
ယင်းကို လန်ဒန်တက္ကသိုလ်မှ ၁၉၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ
ပထမဆုံး “မြန်မာသဒ္ဒဗေဒဖတ်စာ” အဖြစ် မှတ်တမ်းဝင်ခဲ့သည်။


၁၉-၆-၁၉၃၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏
ပထမဆုံးမြန်မာကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရသည်။
ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် 
မြန်မာ၊ မွန်၊ ပါဠိ စသည်တို့နှင့်သက်ဆိုင်သော သုတေသနစာတမ်းများကို ရေးသားခဲ့သည်။
၁၉၃၈-၄၁ ခုနှစ်များနှင့် ၁၉၅၀ ပြည့်နှစ်တို့တွင်
မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၇-၄၈ ခုနှစ်များတွင် သက်ကြီးတက္ကသိုလ်၏
ပထမဆုံးကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၅၁ ခုနှစ်တွင် မြန်မာဘာသာစကား၏ ၀ါကျဖွဲ့ပုံကို စနစ်တကျတင်ပြထားသည့်
ဆရာကြီး၏ “မြန်မာဝါကျဖွဲ့ထုံးကျမ်း”ကို ဘာသာပြန်စာပေအသင်းက
ပုံနှိပ်ထုတ်ဝေခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (L.L.D) ချီးမြှင့်ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် အထက်တန်းကျောင်းသားများအတွက်
“ကျောင်းသုံးမြန်မာသဒ္ဒါ”နှင့် “အလယ်တန်းမြန်မာသဒ္ဒါ” တို့ကို
ဘာသာပြန်စာပေအသင်းက ဆက်လက်ထုတ်ဝေခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘာသာဗေဒကျမ်းအဖြစ်
ကမ္ပည်းထိုးအပ်သည့် ဆရာကြီး၏  “ဘာသာလောကကျမ်း” ကို
ဘာသာပြန်စာပေအသင်းက ထုတ်ဝေခဲ့သည်။
ကမ္ဘာပေါ်ရှိဘာသာစကားအသီးသီး၏ ဘာသာမျိုးရိုးနှင့် မြန်မာနိုင်ငံအတွင်းရှိ
ဘာသာစကားအသီးသီးတို့၏ ဆက်စပ်ပုံကို သရုပ်ဖော်ဘာသာဗေဒ၊ အနှိုင်းဘာသာဗေဒ၊ သမိုင်းဘာသာဗေဒအခြေခံဖြင့် ရှင်းပြထားသည့်ကျမ်းဖြစ်သည်။
  ၅-၁၀-၁၉၅၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ်သို့ သွားရောက်ကာ 
၂-၁-၁၉၅၉ ခုနှစ်အထိ ခရစ်ယာန်သမ္မာကျမ်းစာဌာန၌ ဗုဒ္ဓဓမ္မကို သင်ကြားပို့ချခဲ့သည်။
ထိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူ (Ph.D) ဘွဲ့ ချီးမြှင့်ခဲ့သည်။

၂၄-၄-၁၈၈၈ ရက်၊ အင်္ဂါနေ့တွင် အင်းစိန်မြို့၊ ပေါက်တောရပ်တွင် ဖွားမြင်ခဲ့သော
ဆရာကြီးသည် ၂၂-၃-၁၉၇၃ ရက်၊ ကြာသပတေးနေ့ နံနက်၊
အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဆရာကြီး၏ဘ၀တစ်လျှောက်လုံး ဘာသာစကားနှင့်
စာပေဆိုင်ရာသုတေသနလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့သည်။
ယင်းတို့အနက် မြန်မာဘာသာဗေဒဆိုင်ရာ သုတေသနစာတမ်းနှင့်ကျမ်းများမှာလည်း
အစောဆုံးမှတ်တိုင်များအဖြစ် သမိုင်းဝင်ခဲ့သည်။

No comments:

Post a Comment